skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home/cp391570/public_html/spedmyanmar.com/includes/menu.inc).

 

မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းများ

 

မြန်မာ့မူပိုင် အားကစားနည်းပေါင်း မြောက်များစွာရှိပါသည်။ သို့သော် ခြင်းလုံးအားကစားနည်းမှလွဲ၍ အခြားသော မြန်မာ့မူပိုင် အားကစားနည်းများ အတွက် မှတ်တမ်းဟူ၍ မယ်မယ်ရရမရှိခဲ့ပါ။ ဝိသေသထူးလှသော ခြင်းလုံးအားကစားသည်ကား သမိုင်းနောက်ခံ အပြည့်ရှိခဲ့သည်ဟု ဆိုရပါမည်။ ထီးသုံးနန်းသုံး အားကစားတစ်ရပ်ဖြစ်ခဲ့သလို ဘဝခရီးကြမ်းကိုလည်း ဖြတ်သန်းခဲ့ရသည့် အားကစားတစ်ရပ်ဖြစ်ခဲ့ရသည်။ ခြင်းလုံးဟူသော ဝေါဟာရ တစ်ခုသည် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းသို့ မည်သို့မည်ပုံရောက်ရှိလာသည်ကို သုတေသနပြုရာတွင် တိကျခိုင်မာမှုရှိသော သမိုင်းမှတ်တမ်းများကို လက်ကိုင်ပြုရပါမည်။

 

ခြင်းလုံးသမိုင်းစဉ်ကို ကိုးကားရန်မှာ ၁၂၀၈ ခုနှစ်၌ နန်းတက်သော ပုဂံမင်းလက်ထက်တွင် ယိုးဒယားပန်းပုဆရာတစ်ဦးက ခြင်းလုံးပုံသဏ္ဍာန်တစ်ခုကို ဆင်စွယ်ဖြင့် ထုလုပ်၍ ပုဂံမင်းထံဆက်သရာ ပုဂံမင်းသည် နှစ်ချိုက်လှသဖြင့် ထိုဆင်စွယ်ခြင်းလုံးပုံ သဏ္ဍန်ကို ကြိမ်ဖြင့် ထိုးယက်လုပ်စေလျှက် မိမိ၏လူပျိုတော်သားများအားခတ်ကစား စေခဲ့သည်ဟုဆိုသောအချက်ကို မှတ်တမ်းပြုရပါမည်။ ထို့အပြင် ၁၉၆၂-၂၇ ခုနှစ်အတွင်းရေးသား ထားသော ပြင်သစ်လူမျိုးသုတေသီ ချားလ်ရွိုင်ဇယ်၏ နှစ်ပတ်လည်အစီရင်ခံစာ၊ စာမျက်နှာ(၁၇၁)တွင်ပါရှိသည့် စာပိုဒ်ပင်ဖြစ်ပါသည်။ ထိုစာပိုဒ်အရ ပြည်မြို့ဟောင်းဖြစ်သည့် မှော်ဇာရွာအနီး ကုလားတန်ကုန်းရွာနှင့် မလှမ်းမကမ်းတွင်ရှိသော ဦးခင်ဘ၏ယာကုန်းမြေအောက် တွင်တွေ့ရှိသည့် အုတ်တိုက်ထဲမှ တူးဖော်ရရှိသော ရုပ်တုများ၊ လက်ဝတ်တန်ဆာများ၊ ဗုဒ္ဓရုပ်ပွားတော်များအနက်မှ ထူးခြားသော အရာဝတ္ထုတစ်ခုကို တွေ့ရှိရလေသည်။ ထိုအရာဝတ္ထုမှာ (၂)လက်မတ်တင်း အချင်းရှိသည့် သေးငယ်သောငွေခြင်းလုံး ကလေးတစ်လုံးပင်ဖြစ်ပေသည်။ ထိုတူးဖော် ရရှိသောပစ္စည်းများ၏ ခေတ်နှင့်သက်တမ်းကို ပြန်လည်၍ သုတေသနပြုသည့်အခါတွင် ခရစ်သက္ကရာဇ်(၇)ရာစုနှစ်က ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ ခေတ်အားဖြင့် ပျူခေတ် ဖြစ်ပေသည်။တစ်နည်းနှင့်ခန့်မှန်းရသော လွန်ခဲ့သည့်နှစ်ပေါင်း (၁၂၀၀) ဖြစ်ပေသည်။

 

မြန်မာအင်ပိုင်ယာအမည်ရှိ စာအုပ်၌ရေးသားဖော်ပြထားသော အီတလီဘုန်းတော်ကြီး စံဂါမနိ၏မှတ်တမ်းအရ ခရစ်သက္ကရာဇ်(၁၇၈၂)ခုနှစ် ဘိုးတော်ဦးဝိုင်းလက်ထက် မြန်မာနိုင်ငံတွင် ခြင်းလုံး ခတ်ကစားနေကြပြီဖြစ်ကြောင်း သိရှိရလေသည်။

 

ထပ်ဆင့်၍ အထောက်အထားတစ်ခုတင်ပြလိုပါသေးသည်။ ဦးပေါ်ဦးလျှောက်ထုံး ဒုတိယတွဲစာမျက်နှာ(၅၀)၌ ရေးသားထားသညမှာ ဘိုးတော်ဦးဝိုင်း လက်ထက်တွင် ကိုးကွယ်သော မင်းအိုဆရာတော်ဘုရားကြီး ဘသနတ်ထံပြန်လွန်တော်မူရာ ဘုရင်မင်းမြတ်က ဘုန်းကြီးပျံပွဲကျင်းပရန်အတွက် အမိန့်တော်ထားသည်မှာ-

-ပြာဿဒ်၊ တလား၊ ရထား၊ သန်လျင်း ပွဲသဘင်ကျင်းပြီးလျှင် စည်ကြီး၊ ခရာ၊ တူရိယာနှင့် ပက်သာဒုံမင်း၊ ခရုသင်း၊ နှဲ၊ ပြွေ အထွေထွေသော တီးမျိုး၊ မှုတ်မျိုး၊ ကြိုးတမ်းလျှောက်ပွဲ၊ ကျွမ်းပွဲ၊ ခြင်းပွဲ၊ မီးပွဲ စသည့် အတည်တည်အရပ်ရပ်တို့ကို မလစ်ဟင်းရအောင်ပြု၍ သာဓုကိဠန သဘင် ဆင်ယင်ကျင်းပကြရမည်ဟူ၍ အမိန့်ရှိတော်မူ၏။ ဤအမိန့်တော်တွင် ခြင်းပွဲ ဆိုသောစကားပါနေ၍ ဘိုးတော်ဦးဝိုင်းခေါ် ဘိုးတော်ဘုရား လက်ထက်တွင် ခြင်းပွဲများရှိနေပြီဖြစ်ကြောင်း ထင်ရှားသော အထောက်အထားတစ်ခုဖြစ်ပါသည်။

 

အခြားထင်ရှားသော အထောက်အထားတစ်ခုမှာ အင်္ဂလန်မှခွဲစိတ်မှု ဆရာဝန်ကြီး စီအေဂေါ်ဒွန်ရေးသားပြုစုခဲ့သော "မြန်မာပြည်သို့ကျွန်ုပ်ခရီးထွက်ခြင်း" စာအုပ်၌ ရေးသားဖော်ပြ ထားသော ခြင်းလုံးနှင့်ပတ်သက်သည့် အကြောင်းအရာများပင်ဖြစ်ပါသည်။ ၁၈၇၄ခုနှစ်၊ ဒီဇင်ဘာလ၌ ဆရာဝန်ကြီးသည် အိန္ဒိယနိုင်ငံမှတစ်ဆင့် မဒရပ်စစ်တပ်၏ တပ်မှူးချုပ် ဆာဖရက်ဒရစ်ဟိန်းနှင့် ဇနီးလေဒီဟိန်းတို့နှင့်အတူ မြန်မာပြည်သို့ လိုက်ပါခဲ့လေ သည်။ မြန်မာပြည်တစ်ခွင် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိမြို့များသို့ လှည့်လည်ရာတွင် ပြည်မြို့အရောက်၌ ဂတ်တဲအနီးတွင် မြန်မာလူမျိုး (၄)ဦး ခြင်းလုံးခတ်ကစားနေကြသည်ကို တွေ့ရှိရကြောင်းရေးသားထားလေသည်။ ခရစ်သက္ကရာဇ်(၁၈၇၄-၇၅ဖ) ခုနှစ်အကြိမ်တွင် မြန်မာပြည် အထက်ပိုင်း၌ မင်းတုန်းမင်းတရားကြီး စိုးမိုးအုပ်ချုပ်နေချိန် ဖြစ်သည်။

 

ခေါင်းဖြင့်တိုက်ခြင်း၊ ပခုံးဖြင့်တော့ခြင်း၊ တံတောင်ဆစ်ဖြင့် တိုက်ခြင်း၊ ဒူးခေါက်ခွက်ဖြင့် ခတ်ခြင်းများ ပြုလုပ်ကြသော်လည်း တဖြည်းဖြည်း တိုးတက်လာသော ယခုအခါတွင် ခြေထောက် တစ်ခုတည်းကိုသာ လုံးလုံးလျားလျား အသုံးပြုကြတော့သည်။ ခြင်းခတ်နည်း(၃) မျိုးဖြစ်သော ခြင်းယဉ်ခတ်၊ ခြင်းယိုင်ခတ်၊ ခြင်းပြိုင်ခတ်တို့အနက် ခြင်းယိုင်နှင့် ခြင်းပြိုင်ခတ်ခြင်းတို့မှာ သိပ္ပံနည်းကျကျ တီထွင်ခတ်ကစားနေကြပေပြီ။


back to top Eng